ဒီနေ့
တွက်စစ်ကြည်တော့
အသက် တောင်
လေးဆယ့်ငါးနှစ်ပြည့်ခဲ့ပြီ
အဖေကအထက် အညာ
အမိုးက သာယာဝတီ
အင်းစိန် မီးရထားဆေးရုံလေးမှာ
အမေ့ ၀မ်းကြာတိုက်ထဲက ထွက်ခွာခွင့် မရသေးမီ
ကလေးငိုသံ ကြားရတော့
အားလုံးအံ့သြောခဲ့ကြ
ဆေးရုံက ဆရာမတွေ
ဟာသတွေဖြစ်ခဲ့
လူ့ဘ၀ထဲ စ၀င်တဲ့အချိန်မှာကို
ငါ့ရဲ့ ငိုကြွေးသံဟာ
သူတပါးကို ရယ်မောစေနိုင်သတဲ့လား။
လေးဖက်တွားအရွယ်ကနေ
ဒီနေ့ အထိ
ပြန်လည်ပုံဖေါ်ကြည့်မိရဲ့
ဂုဏ်ပေါ်ချင်လို့တော့ မဟုတ်
အကဲ့ရဲ့လွတ်အောင် နေခဲ့ရဲ့လား
အများအတွက် ငါ့ အချိန်တွေပေးခဲ့ဘူးရဲ့လား
သေချာတာကတော့
အကျိုးလို ညောင်ရေတော့မလောင်းခဲ့ဘူးပါ
ဖြစ်ချင်တာတွေ ထဲမှာ
ဖြစ်မလာတာကများရဲ့
ခါးချိနေပေမယ့် အားရှိချင်တော့ယောင်ဆောင်ခဲ့ပါတယ်
ဒိုးပြား ရမလားလို့
ကြိုးစား ရင်း
ဆွေရင်းတွေနဲ့ စိတ်ဝမ်းလည်းကွဲခဲ့ဘူးပါတယ်
သူငယ်ချင်းရေ
မင်းရော ငါ့ကိုအမြင်ကြည်ရဲ့လား။
လိုချင်တဲ့အချိန်မှာ မရခဲ့တဲ့အခွင့်အရေးတွေကို
လွမ်း တမ်းတမနေဘဲ
မိသားစုအတွက် မာနတွှေခ၀ါချ
ဘ၀ကို သူဌေးဆီမှာပုံအပ် ခဲ့တာ
ခုဆိ ၁၅ နှစ်တောင် ကျော်ခဲ့ပြီ
အဖေရေ
ခုထိ အဖေ ခိုနားရာ အုတ်ဂူလေးကို
ကန်တော့ဖို့ မလာနိုင်သေးတာ
ခွင့်လွှတ်ပြီးသား မဟုတ်လား။
ဥတ္တမပုရိသ ဖြစ်ချင်တဲ့ အမေ့သား
မြန်မာပြည်အစွန်း
တောင်ယွန်းယွန်း က
ကော့သောင်းမြို့လေးမှာ
ပြန်လာဖို့ခက်နေလို့ပါ အမေရယ်
စောင့်နေပေးပါနော်
ယိင်နဲ့နဲ့ သားခြေထောက်တွေ
မြဲမြံခိုင်မာ လှမ်းနိုင်တာနဲ့
ပြန်ခဲ့မှာ ပေါ့အမေရယ်
သားကို
လွမ်းတော့လွမ်းနေနော်။
No comments:
Post a Comment
ခင်မင်စွာဖြင့် မှတ်တမ်းလေး အမှတ်တရရေးခဲ့ပါဗျာ